ဘဝတစ်လျောက်လုံးတွင် စုဆောင်းခြင်းနှင့် သုံးစွဲခြင်းတို့အတွက် ဆုံးဖြတ်ချက်များစွာ ချမှတ်ရပါလိမ့်မည်။ သင်၏ ရည်မှန်းချက်များတွင် စမတ်ဖုန်းသစ်တစ်ခုဝယ်သည့် အသေးစားဝယ်ယူမှုမှအစကား သို့မဟုတ် အိမ်ဝယ်ယူမှုအပြင် အငြိမ်းစားပင်စင်အတွက် ရေရှည်စုဆောင်းမှုများနှင့် မျော်မှန်း၍မရသေးသည့် အကြောင်းအရာများအထိ အမျိုးမျိုးရှိနိုင်ပါသည်။ ဘဝတွင် အဆင့်မြင့်ပညာရေး သို့မဟုတ် အိမ်ထောင်ပြုခြင်း အစရှိသော ကြိုတင်စီစဉ်ပြီး စုဆောင်းမှုပြုနိုင်သည့် အရာများရှိသကဲ့သို့ မထင်မှတ်ဘဲ သုံးစွဲရသော ကုန်ကျစရိတ်များအတွက်ကား ကြိုတင်သိမြင်နိုင်စွမ်းမရှိချေ။ ထို့ကြောင့် စုဆောင်းခြင်းသည် အရေးကြီးပါသည်။ စုဆောင်းထားခြင်းဖြင့် မည်သည့်အသုံးစရိတ်အတွက်ကိုမဆို လိုအပ်သလို သုံးစွဲရန် အဆင့်သင်ဖြစ်နေပေလိမ့်မည်။
မြန်မာလူမျိုးအများစုသည် စုဆောင်းနိုင်သည်ထက် ပိုမိုသုံးစွဲနေရသည်။ နေထိုင်မှုစရိတ်မြင့်မားပြီး ဝင်ငွေနည်းပါးမှုကြောင့် ၎င်းတို့ ဝင်ငွေ၏ ၅ ရာခိုင်နှုန်းအောက် စုဆောင်းနိုင်ရန် ခဲယဉ်းလှသည်။ သင့်အနေဖြင့် ငွေစတင်စုဆောင်းရန် ဆန္ဒမရှိလျှင်သော်လည်းကောင်း၊ သို့တည်းမဟုတ် စုဆောင်းရန်မဖြစ်နိုင်ဟု ယုံကြည်နေပါက စုဆောင်းခြင်းကို ဝန်ထုပ်ဝန်ပိုး တစ်ခုအနေဖြင့်မကြည့်ဘဲ စိတ်လှုပ်ရှားဖွယ် အခွင့်အလမ်းများ တွေ့ကြုံရမည့် လမ်းကြောင်းတစ်ရပ်အဖြစ် မှတ်ယူလိုက်ပါ။ ဖြစ်နိုင်ခြေရှိသည်မှာ ဘဝတစ်ကွေ့ဝယ် ကောင်းကောင်းဆိုးဆိုး မျှော်လင့်မထားသော အခြေအနေကိစ္စရပ်များအတွက် ကုန်ကျစရိတ် လိုအပ်လာနိုင်သည်။ စတင်ဆောင်ရွက်ရန် အခြေခံအဆင့်များကို ယခု ဖော်ပြထားပါသည်။
ကောင်းမွန်သော ရည်မှန်းချက်များ
ဘဝ၏ လက်တွေ့ကျသည့် အကြောင်းပြချက်များကြောင့် ငွေစုဆောင်းခြင်းသည် ကောင်းမွန်သည့် တွန်းအားတစ်ရပ်ဖြစ်သည်။ သင့်အနေဖြင့် အနည်းဆုံး သုံးလမှ ခြောက်လတာ ရပ်တည်နိုင်ရန် အရေးပေါ်သုံး စုဆောင်းငွေတစ်ရပ်လက်ဝယ်ရှိပြီးပါက မိမိဆန္ဒရှိသည့်အတိုင်း စတင်စုဆောင်းနိုင်ပါပြီ။ ယခု SMART လမ်းညွှန်ကို အသုံးပြုကာ ရေတိုရည်မှန်းချက် (လက်ရှိလနှင့် ယခုနှစ်အတွင်း ဝယ်ယူမှုများ) နှင့် ရေရှည် ရည်မှန်းချက် (ဘဝတွင် အရေးကြီးသော ပွဲလမ်းများနှင့် ကြီးမားသော ကုန်ကျစရိတ်များအတွက်) တို့အတွက် စဉ်းစားပါ။
သီးခြား ရည်မှန်းချက်များအတွက် အားပေးလှုံ့ဆော်မှု - ရှင်းလင်းတိကျသော ရည်မှန်းချက်များ ချမှတ်ထားခြင်းသည် ဦးတည်စုဆောင်းရန် အထောက်အကူပြုပါလိမ့်မည်။
တိုင်းတာနိုင်သော ရည်မှန်းချက်များသည် အမှန်တစ်ကယ်ဖြစ်တည်မှုများကို ထင်သာမြင်သာရှိစေပါသည်။ ကိန်းဂဏန်းများကို အသုံးပြုခြင်းဖြင့် တိုးတက်မှုကို တိုင်းတာနိုင်သည်။
ပြည့်မီနိုင်သော ရည်မှန်းချက်များ ချမှတ်ပါ - ရည်မှန်းချက်များ ချမှတ်သည့်အခါလည်းကောင်း ရည်မှန်းချက်များသည် လက်လှမ်းမီပြီး ဖြစ်နိုင်ခြေရှိပါစေ။
သင့်တော် ရည်မှန်းချက်များသည် ကောင်းမွန်သည့် အကျိုးသက် ရောက်မှုရှိပါသည်။ ရေရှည်တွင် အဓိပ္ပါယ်ရှိသည်ဟု သိရှိထားမှသာ ရည်မှန်းချက်တစ်ရပ်ကို ချမှတ်ပါ။
အချိန်အတိုင်းအတာပါရှိသော ရည်မှန်းချက်များသည် တိကျသောသတ်မှတ်ချိန် တစ်ခုပါရှိသည်။ ရည်မှန်းချက်တစ်ခုအတွက် အချိန်အတိုင်းအတာ သတ်မှတ်ထားခြင်းဖြင့် အောင်မြင်အောင် လုပ်ဆောင်ရန် ဆုံးဖြတ်ထားရာ ရောက်ပေလိမ့်မည်။